Min Soe Han

TechBusinessElse


backLegal


ပြည်သူ့စစ်မှုထမ်းရသော အလုပ်သမားအား အထူးခွင့်အဖြစ်သတ်မှတ်ပြီး ရက်ပေါင်း (၆၀) အတွက် အခကြေးငွေပေးရခြင်း

DATE 20240731

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်စွဲပါ အမိန့်ကြော်စာအမှတ် ၂၇/၂၀၂၄ ဖြင့် အာဏာစတင်သက်ရောက်စေခဲ့သော ပြည်သူစစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ

အနိမ့်ဆုံး (၂) နှစ်မှ အမြင့်ဆုံး (၅) နှစ်ကာလအထိ စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်းခံရနိုင်သည်။ ထိုသို့ ဆင့်ခေါ်ခြင်းခံရပြီး "စစ်မှုထမ်းကာလပြီးဆုံးသော အလုပ်သမားတစ်ဦးအား မူလထမ်းဆောင်ခဲ့သော အလုပ်အကိုင် သို့မဟုတ် အလားတူ အလုပ်အကိုင်တွင် သတ်မှတ်ထားသည့်အတိုင်း အလုပ်ရှင်က ခန့်ထားရမည်" ဟုပြဌာန်းထားသည်ကိုတွေ့ရသည်။

ထို့အပြင် ၂၀၁၆ ခုနှစ်၊ အခကြေးငွေပေးချေရေးဥပဒေ၊ ပုဒ်မ ၃(ဂ) တွင် "အလုပ်သမားတစ်ဦးဦးက ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရသည့်အခါ ထိုအလုပ်သမားအား အထူးခွင့်အဖြစ် သတ်မှတ်ပြီး ရက်ပေါင်း (၆၀) အတွက် အခကြေးငွေထုတ်ပေးရမည်" ဟု ပြဌာန်းထားသည်ကိုလည်း တွေ့ရသည်။

ထို့ကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းသွားရသော အလုပ်သမားအား အထူးခွင့်အဖြစ် သတ်မှတ်ပြီး ရက်ပေါင်း (၆၀) အတွက် အခကြေးငွေထုတ်ပေးရမည်။ အထူးခွင့်အဖြစ် သတ်မှတ်ပေးရခြင်းဖြစ်သောကြောင့် စစ်မှုထမ်းကာလပြီးဆုံး၍ ၎င်းအလုပ်သမား ပြန်လာသောအခါ အလုပ်ပြန်လည်ခန့်ထားပေးရမည်ဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းသွားရခြင်းအတွက် ထုတ်ပေးသော ရက်ပေါင်း (၆၀) အတွက် အခကြေးငွေမှ လူမှုဖူလုံရေးထည့်ဝင်ကြေး ဖြတ်တောက်ခြင်းမပြုရန် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ၂၀၂၄ ခုနှစ်၊ မေလေ ၁၃ ရက် ရက်စွဲပါ "ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရမည့်အလုပ်သမားအား အလုပ်ရှင်မှထုတ်ပေးရမည့် ရက်ပေါင်း (၆၀) အတွက် အခကြေးငွေအပေါ် ထည့်ဝင်ကြေးကောက်ခံခြင်းမပြုရန် အကြောင်းကြားခြင်း" စာဖြင့် အလုပ်ရှင်များအား အကြောင်းကြားထားသည်ကိုလည်း တွေ့ရသည်။

စက်ရုံ/အလုပ်ရုံများအနေဖြင့် မိမိအလုပ်သမားများ စစ်မှုထမ်းသွားရခြင်းနှင့်ပတ်သက်သော မူဝါဒရေးဆွဲချမှတ်လိုလျှင် ပြည်သူ့စစ်မှုထမ်းခြင်းဆိုင်ရာမူဝါဒ ကို လေ့လာနိုင်သည်။